likeလုပ်ပြီးအားပေးပါ

12.3.14

ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မြန်မာနိုင်ငံတွင် မြင့်မားနေဆဲ


နိစ္စဓူဝ မိမိအကြောင်းနှင့်မိမိ နေပူပူ၊ မိုးရွာရွာသွားလာလှုပ်ရှားမြဲ ဖြစ်သော် လည်း မိုးရွာခြင်းအတွက်အစိုမခံနိုင်၍ ထီးကိုမဖြစ်မနေ ဆောင်းရန်သတိ ရကြသည်။ သို့သော် နေပူပူထဲဖြတ်သန်းသွားလာရန်အတွက်မူ ဦးထုပ်ပါမှ ထီးဆောင်းမှဟု မဖြစ်မနေလိုက်နာကျင့်သုံးသူက နည်းမည်မှာ သေချာပါ သည်။ ထိုအချက်ကို ယခုသင်နှင့်လက်တစ်ကမ်း လမ်းဘေးဘီဝဲယာ တစ် လျှောက်ကို ကြည့်မိပါက ငြင်းနိုင်တော့မည်မဟုတ်ပါ။ သို့သော် ဤနေရောင် ကို သာမန်ကဲ့သို့ပင် မထူးခြားသော ဖြစ်ရိုးဖြစ်စဉ် နေရောင်ဟု ထင်ပါသည်။

ခရမ်းလွန်ရောင်ခြည်ဟုခေါ်သည့် UV မှာ နေရောင်မှပါလာသည့် အလင်း တန်း လျှပ်စစ်သံလိုက်လှိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းရောင်ခြည်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် အဆင့်တစ်ခုအထိ ခံစားနေ ကြရမြဲဖြစ်ပြီး နိုင်ငံနှင့် နေထိုင်ရာ အရပ်ဒေသများ၏ အနိမ့်အမြင့်၊ ပင်လယ်ပြင်အထက်၊ တိမ်အခြေအနေ၊ လေထု၏ အထက်အလွှာရှိ အိုဇုန်းလွှာအထူအပါး စသည့် အပေါ်၌ များစွာမူတည်နေကြောင်း သိရသည်။

''လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မြင့်မား နေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရောင်ခြည်သင့်မှုအန္တရာယ်ရှိနေဆဲဖြစ်ပါတယ်'' ဟု မိုး/ဇလပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ အဆိုပါ မြင့်မားမှုသည် ယခုမတ်လမှစတင်၍ နှစ်ကုန်ပိုင်းဖြစ်သည့် ဒီဇင်ဘာလအထိ ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းများ မြင့်တက်နေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုသည် မြန်မာတစ်နိုင်ငံလုံးတွင်ခံစားရနိုင်ပြီး
အထူးသဖြင့်တောင်ပိုင်းဒေသ၊ အောက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လွန်ကဲအဆင့် ရောက်ရှိနိုင်ကြောင်းကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ စံသတ်မှတ်ချက်အရ ၎င်းက ပြောကြားသည်။

ခရမ်းလွန်ရောင်ခြည်များကို အညွှန်းကိန်းဂဏန်းများဖြင့် တိုင်းတာခြင်းဖြစ်ပြီး တိုင်းတာမှုတွင် အညွှန်းကိန်း ၈ထက်ကျော်လွန်လာပါက ကျန်းမာရေး အတွက် အန္တရာယ်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါအညွှန်းကိန်းများ ၈ မှ ၁ဝ ကြား ရောက်ရှိလာပါက အလွန်မြင့်မား သည့်အဆင့် (Very Height) ဟု သတ်မှတ်ထားသည်။ အညွှန်းကိန်း ၁၁ နှင့် အထက်အဆင့်သို့ ရောက်ရှိပြီဆိုပါက လွန်ကဲအဆင့် (Extreme)သို့ ရောက်ချေပြီဖြစ်သည်။ ၎င်းအခြေအနေသည် လွန်စွာ အန္တရာယ်ကြီးမားပြီး ကာကွယ်မှုများ ကောင်းမွန်စွာ ပြုလုပ်ထားရမည့် အချိန်လည်းဖြစ်သည်ဟု မိုးလေဝသပညာရှင်များအပြင် ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

သို့သော်လည်း ပြည်တွင်း၌ ကျရောက်နေပြီဖြစ်သည့် ခရမ်းလွန် ရောင်ခြည် များ၏ အညွှန်းကိန်းမှာမူ အတက်အကျ တည်ငြိမ်မှုတော့မရှိပေ။ မတ်လ ၈ ရက်နေ့၏ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အခြေအနေတွင်မူ လွန်ကဲ အဆင့်ကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊
ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ ဧရာ ဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ရခိုင်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်းနှင့် မကွေးတိုင်းတောင် ပိုင်းတို့က ခံစားရမည်ဟု Myanmar Climate Change Watch ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ထို့ပြင် ခရမ်းလွန်ရောင်ခြည်များသည် တစ်နေ့တာ၏ နာရီအလိုက် အင်အား ပြောင်းလဲနေခြင်းဖြစ်သည်ဟု ဒေါက်တာ ထွန်းလွင်၏ ပြောကြားချက်အရ သိရသည်။ ၎င်းရောင်ခြည်များသည် မွန်းတည့်ချိန်များတွင် ပိုမိုအားကောင်း လေ့ရှိပြီး အထူးသဖြင့် မနက် ၁၁နာရီမှ မွန်းလွဲ ၁ နာရီ အထိ ဖြစ်သည်။ မတည်မငြိမ်ရှိလှသည့် ယင်းခရမ်းလွန် ရောင်ခြည်များ၏ အညွှန်းကိန်းများမှာ သာမန်လူများအတွက် သက်ရောက်မှုသိသာလှမည် မဟုတ်သော်လည်း ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၊ နာမကျန်း ဖြစ်သူများ အတွက် အန္တရာယ်ကြီးကြောင်း ဒေါက်တာ ထွန်းလွင်က ထပ်လောင်းပြောသည်။

ခရမ်းလွန်ရောင်ခြည်ဟူသည် လူတို့၏ မျက်စိဖြင့်မမြင်နိုင်သည့် အလင်းပုံစံ တစ်မျိုးဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။ ခရမ်းလွန်ရောင်ခြည်ကို လူသားများမမြင်နိုင်သော်လည်း ပျားနှင့် လိပ်ပြာများမှာမူ ၎င်းကိုခွဲခြားမြင်နိုင်သည်ဟုလည်း ဆိုသည်။

ခရမ်းလွန်ရောင်ခြည် UV ကို VA , UVB နှင့် UVC ဟူ၍ ခွဲခြားထားပြီး ယင်းတို့ကို လှိုင်းအလျားတန်ဖိုးပေါ်မူတည်ခွဲခြားထားခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော်ယင်းအမျိုးအစားသုံးမျိုးစလုံးမှာ လူသားများ၏ ကျန်းမာရေးအားသက်ရောက်ထိခိုက်စေနိုင်မည်သာ ဖြစ်သည်။

UVA သည် UVB ထက်အရေပြားအတွင်း ပိုမိုစိမ့်ဝင်ကာ လူတို့၏ ဗီဇကလပ် ဆဲလ် DNA များကို ထိခိုက်ပျက်စီးစေနိုင်သည်။ အရေပြားကင်ဆာနှင့် မျက်စိ များ ထိခိုက်ပျက်စီးစေတတ်ပြီး အသားအရေ အိုမင်းရင့်ရော် ပျက်စီးစေတတ် သည်ဟုလည်း သိရသည်။ သို့သော် ယင်းရောင်ခြည်နှစ်မျိုးစလုံးအား နေရောင်ခံလိမ်းဆေးများလိမ်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ယင်းလိမ်းဆေး များ၌ SPF30+ ပါဝင်ရန်တော့ အထူးလိုအပ်ကြောင်း သိရသည်။

UVB မှာ UVA ကဲ့သို့ အရေပြားအတွင်း နက်ရှိုင်းစွာစိမ့်မဝင်နိုင်ဟု သိရသည်။ ထို့ကြောင့် ၎င်းက အရေပြားပေါ်၌သာနေလောင်မှု၊ အရေပြားကင်ဆာ ရောဂါကိုသာ အဓိက ဖြစ်စေသည် ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့ပြင် UVC မှာ ခရမ်းလွန်ရောင်ခြည်အမျိုးအစားသုံးမျိုး၌ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည်ဟုသိရသည်။ ၎င်းရောင်ခြည်ကို သဘာဝအရအိုဇုန်းလွှာမှ ကာကွယ်ပေးထားသော်လည်း လက်ရှိတွင် နိုင်ငံအနှံ့အပြား၌ ကြုံတွေ့နေရ သည့် အိုဇုန်းလွှာပေါက်ပြဲမှုကြောင့် ၎င်းရောင်ခြည်မှာ ကမ္ဘာပေါ်သို့ သက်ရောက် နေပြီဖြစ်သည်။

UVC ၏ အန္တရာယ်အားအကြီးမားဆုံး ရင်ဆိုင်တွေ့ကြုံနေရသည့်အထဲတွင် သြစတြေးလျတိုက်လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ ခရမ်းလွန် ရောင်ခြည်များသည် ရောင်ပြန်ဟပ်ခြင်းဖြင့်လည်း ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် မြေပြင်ရှိ ရေမျက်နှာပြင်၊ ရေခဲမျက်နှာပြင်၊ နှင်းထုမျက်နှာပြင်တို့ပေါ်တွင် ဖြစ်သည်ဟု မိုး/ဇလပညာရှင် ဒေါက်တာ ထွန်းလွင်၏ ပြောကြားချက် အရ သိရသည်။ ရေမျက်နှာပြင်မှရောင်ပြန်ဟပ် သည်ဟုဆိုရာတွင် ရေကူးခြင်း၊ လှေ လှော်ရွက်လွှင့်ခြင်း၊ လှိုင်းစီးခြင်း၊ ငါးမျှားခြင်းစသည့် အချက်များအပြင် ရေကန်နံဘေး နေပူစာ လှုံသည့်အချက်လည်းပါဝင်သည်။ ရေမျက်နှာပြင် ကြောင့် ခရမ်းလွန်ရောင်ခြည်များ တိုးပွားလေ့ရှိသည်။

ကမ္ဘာ့လေ့လာ မှုများအရ ပင်လယ်ရေပြင်သည် ခရမ်းလွန် ရောင်ခြည် သင့်မှုအား ၂၅ ရာခိုင်နှုန်းအထိ တိုးစေသည်ဟု သိရသည်။ သဲသောင်များ ကမူ ၁၅ ရာ ခိုင်နှုန်းအထိ တိုးစေသည်ဟုလည်း ဆိုသည်။ ဤသို့ဆိုလျှင် လာမည့် ဧပြီလအတွင်း ကျရောက်မည့် မြန်မာတို့၏ အတာရေသဘင်ပွဲတွင် ခရမ်းလွန်ရောင်ခြည်များဖြင့်
မည်ကဲ့သို့ နှစ်ပါး သွားကြမည်နည်း။

''လာမယ့် မဟာသင်္ကြန်ကာလမှာ ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တ ရာယ်က ပိုမိုမြင့်မားလာစရာ အကြောင်းတွေရှိပါတယ်'' ဟု ဒေါက် တာထွန်းလွင်က ဆိုသည်။သင်္ကြန်ကာလအတွင်း မွန်းတည့်ချိန် ခရမ်းလွန်ရောင်ခြည် မြင့်မားမည့်အချိန်၌ ရေကစားသူများမှာ နေပူထဲတွင်ရှိနေသည့် အခွင့်အလမ်း များခြင်းဖြစ်သည်။

ထို့ပြင် မဏ္ဍပ်များ၌ ကားပိတ်ဆို့မှုများရှိပြီး ယင်းအတွက် နေပူဒဏ်အား အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်လည်ပတ်သူများ၏ အဝတ်အစားပါးလွှာမှုများနှင့် ရေစိုသည့် အချိန်များပြားခြင်း၊ ရေနှင့်နီး ကပ်စွာနေရခြင်းများကြောင့်လည်း ခရမ်း လွန်ရောင်ခြည်သင့်မှုဒဏ် အား မြင့်မားစွာခံစားရနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သုံးသပ်သည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အမြင့်မားဆုံး ဖြစ်စေသည့် အဓိက ရောဂါများ မှာ အရေပြားကင်ဆာ၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော် ခြင်းနှင့် မျက်စိတိမ်စွဲခြင်း၊ မျက်စိကင်ဆာ၊ ဆီးနှင်းကွယ်ရောဂါ၊ မျိုးပွားဗီဇပျက်စီးခြင်း (သားသမီးမရနိုင်ခြင်း) များဖြစ်သည်။ ထို့ပြင် ဘိုးဘွားသက်ကြီးရွယ်အိုများ၊ ရောဂါဝေဒနာသည်များ၌ ကျန်းမာရေး ထိခိုက်နိုင်ပြီး လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်းများလည်း ဖြစ်နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

မျက်စိနှင့်ဆိုင်သည့်ကင်ဆာရောဂါမှအစ မျက်သားတက်ခြင်း ရောဂါများအတွက်ကိုမူ ခရမ်းလွန်ရောင်ခြည် ကာကွယ်သည့်နေကာ မျက်မှန်များတပ်ဆင်သင့်ကြောင်း
မျက်စိအထူးကုဆေးရုံကြီး မျက်စိ ရောဂါပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းက ပြောသည်။

နေကာမျက်မှန်တပ်ဆင်ရာတွင် အထူးသဖြင့် UV ကာကွယ်သည့်မှန်များ သီးသန့်ရှိပြီး ယင်းတို့တွင် မျက်လုံးအတွင်းသို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျရောက်မှုကို ကာကွယ်နိုင်မည်ဟု ၎င်းကဆိုသည်။ ခရမ်းလွန်ရောင်ခြည်အား ကာကွယ်နိုင်သည့် မှန်အမျိုးအ စား နှစ်မျိုးသာရှိသည်ဟု ရွှေဘုံသာအလယ်လမ်းရှိ ဟနီဖာမျက်မှန်ဆိုင်ရှင်

ဦးဟနီဖာကဆိုသည်။ ၎င်းတို့က ပိုလာရွိုက်စ်နှင့်အော်ဂဲနစ်မှန် အမျိုးအစားတို့ ဖြစ်သည်။ ယင်းနှစ်မျိုးက UV ကို အပြည့်အဝ ကာကွယ်နိုင်သည်ဟုသိရပြီး ရောင်ခြည် ၄ဝဝ နှုန်းအထိ အမြင့်ဆုံးကာကွယ်နိုင် မည်ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

''အဓိကကတော့ ဝယ်တဲ့သူက UV အကာအကွယ် ပါမပါ မသိနိုင်လို့ ရောင်းမယ့်သူအနေနဲ့ အတိအကျပြောရောင်းပေးဖို့ လိုတယ်'' ဟု ဦးဟနီဖာက ဆက်ပြောသည်။

သို့သော် UV မပါသည့် ဈေးသက်သာသည့် နေကာမျက်မှန်များကိုသာ အသုံးပြုရန်ငွေကြေးတတ်နိုင်သူများအတွက်လည်း မျက်စိရောဂါပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းက ''ကော်မျက်မှန် ဖြစ်တယ်ဆို ရင်တောင် မျက်လုံးရှေ့မှာ အကာအကွယ်တစ်ခုတော့ ဖြစ်စေတယ်။ အထိုက်အလျောက် ကာကွယ်နိုင်မယ်။ သူ့ကြောင့် ဘေးထွက် ဆိုးကျိုးဆိုတာမျိုး မဖြစ်ဘူး'' ဟု ပြောကြားသည်။

ထို့ပြင် အရေပြားရောဂါနှင့်ကင်ဆာများ မဖြစ်ပွားစေရန်အတွက် ကိုမူ နေရောင်ဒဏ်ခံလိမ်းဆေးများလိမ်းရန်လိုအပ်ပြီး ထီးအပါအဝင် ဦးထုပ်များ၊ လုံခြုံသည့် အဝတ်အစားဝတ်ဆင်ခြင်းများဖြင့် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) နှင့် ကမ္ဘာ့မိုးလေ ဝသ အဖွဲ့ချုပ်(WMO) တို့က အကြံပြုထားသည်။
ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်မှုမှ ကာကွယ်နိုင်မည် ဆိုသော်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေနှင့်မူ အထူးသတိထားသင့် ကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာမီမီကိုကလည်း အကြံ ပြုသည်။

ယခုနှစ်သည် မြန်မာနိုင်ငံအတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းများ လွန်ကဲအဆင့်ထိ ရောက်ရှိမည့်နှစ်တစ်နှစ်ဖြစ်သည်။ အလုပ် မရှုပ်ပါ။ မခက်ခဲပါ။ သင်နှင့်ကျွန်ုပ်တို့၏ မဖြစ်မနေနေပူထဲသို့ ဖြတ် သန်းသွားလာရမည့် လုပ်ငန်းတာဝန်နှင့် ကိုယ်ရေးကိုယ်တာများလည်း ဖျက်ပစ်ရန်မလိုပါ။ သုံးချက်တည်းသာ ဖြစ်ပါသည်။

(၁) နေရောင်တိုက်ရိုက်မထိရန် ချည်သားအင်္ကျီလက်ရှည် ဝတ်ပါ။
(၂) ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။
(၃) သင်နှင့်လိုက်ဖက်မည့် နေကာမျက်မှန်လှလှလေးတစ်လက် တပ်လိုက်ပါ။

Myanmar News Media....

ရွင်လန်းချမ်းမြေ့ကြပါစေနော်....အချစ်ငှက်ငယ်နဲ့မိန်းမပျိုမှ တင်သောပို့စ်များသည် copy ဖြစ်သော်လည်း
ဒီပို့စ်ကိုဖတ်မိလိုက်တဲ့ သူငယ်ချင်းများ အသိလေးတစ်ခု မှတ်သားစရာလေးတစ်ခုရသွားမယ်ဆိုရင်
ပျော်ရွင်မိမှာလေ....

သခင်သာလျှင်

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

သည်လောက်လာရောက်လည်ပတ်ထားတယ်

 

Copyright @ 2013 ငှက်ငယ်နဲ့မိန်းမပျို.