likeလုပ်ပြီးအားပေးပါ
23.3.14
8:53 AM
"ဘာသာခြားနှင့်ထိမ်းမြားခြင်းအကြောင်း"
ကိုဖြူ ။ ။ ပြစ်မှု(ရာဇ၀တ်မှု)တွေဟာ ဘယ်သူတွေနဲ့ သက်ဆိုင်သလဲဆရာ။
ယူတီကေ ။ ။ ပြစ်မှုဆိုင်ရာဥပဒေရဲ့ ပြဌာန်းချက်တွေဟာ ချိုးဖောက်တဲ့သူ (မည်သူမဆို) (Whoever) နဲ့ သက်ဆိုင် တယ်။ ဒီနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ရောက်ရှိနေတဲ့၊ နေထိုင်နေတဲ့ နိုင်ငံသား၊ နိုင်ငံခြားသား၊ မည်သူမဆို (ကျား၊ မ၊ လူမျိုး၊ ဘာသာမရွေး) အပေါ် သက်ဆိုင်တယ်။
ဥပမာ ။ အင်္ဂလန်မှာ - အင်္ဂလန်နိုင်ငံသား A အတွက် မယားခိုးမှုဟာ ပြစ်မှုမဟုတ်ဘူး။ ဒါပေမယ့် A ဟာ မြန်မာပြည်ရောက်ရှိစဉ်မှာ လင်ရှိမယားနဲ့ မယားခိုးမှု ကျူးလွန်ခဲ့ရင် ဒီနိုင်ငံရဲ့ ဥပဒေအရ မယားခိုးမှု (ပုဒ်မ-၄၉၇) မြောက်တယ်။ (Lex Fori) (Law of the forum or Court) (အမှုစစ်ရုံးရဲ့ စီရင်ခွင့်နဲ့ သက်ဆိုင်တဲ့ဥပဒေ)
ကိုဖြူ ။ ။ လူတစ်ယောက်ရဲ့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာအယူဝါဒ (Personal Law) အပေါ် အခြေခံပြီး ဆုံး ဖြတ်ရတဲ့အမှု ပြဿနာတွေကို ရှင်းပြပါဆရာ။
ယူတီကေ ။ ။ လက်ထပ်ထိမ်းမြားရေး၊ လင်မယားကွာရှင်းရေး၊ အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ (ဇာတ်) မျိုးနွယ် ကိစ္စ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း ကိစ္စတွေမှာ အမှုသည်တွေရဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာအယူဝါဒအပေါ် အခြေခံပြီး ဆုံးဖြတ်ရတယ်။
ဥပမာ ။ အမှုသည်တွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်ရင်၊ ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟာဗေဒင် ဘာာသာ ၀င်တွေဖြစ်ရင် မဟာဗေဒင် တရားဥပဒေ၊ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ရင် ခရစ်ယာန်တရားဥပဒေ၊ ဟိန္ဒူဘာသာဝင်တွေဖြစ် ရင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမယ်လို့ (မြန်မာနိုင်ငံတရားဥပဒေများအက်ဥပဒေ) ပုဒ်မ ၁၃(၁) မှာ ပြဌာန်းထား တယ်။ (The Burma Laws Act, 1898) (The Burma Courts Act, 1872)
ကိုဖြူ ။ ။ “ဗုဒ္ဓဘာသာတရားဥပဒေ” (Buddhist Law) ဆိုတာ ဘာကိုဆိုလိုတာလဲဆရာ။
ယူတီကေ ။ ။ မြန်မာပြည်မှာရှိတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းတွေ (Customs) ကို ဆိုလိုတယ်။ ဘာသာရေးအရ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာရတဲ့ ဥပဒေမဟုတ်ဘူး။ ဘာသာရေးရောယှက်ခြင်း ကင်းတယ်။ ဒါကြောင့် ဗုဒ္ဓဘာ သာတရားဥပဒေဆိုတဲ့ အသုံးအနှုန်းအစား “မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ” (Burmese Customary Law)လို့ ခေါ်ဝေါ်လာခဲ့ကြ တယ်။
ကိုဖြူ ။ ။ “မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ” ရဲ့ အရင်းအမြစ် (Sources) တွေက ဘာတွေလဲဆရာ။
ယူတီကေ ။ ။ (က) ဓမ္မသတ်များ (လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ကျော်မှ ၁၅၀ အတွင်း ပြုစုခဲ့သည်။)
(ခ) စီရင်ထုံးများ (တရားသူကြီးများပြုလုပ်သည့် စီရင်ချက်၊ ဥပဒေများဖြစ်သည်။)
(ဂ) တည်ဆဲဓလေ့ထုံးတမ်းများ (အမြဲတစေရှင်သန် နုပျိုနေသော ဓလေ့ထုံးတမ်းဖြစ်သည်။)
(ဃ) ပြဌာန်းဥပဒေများ (ကိတ္ထိမ မွေးစားခြင်းအက်ဥပဒေ၊ ၁၉၅၄-ခု ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ)
ကိုဖြူ ။ ။ ဗုဒ္ဓဘာသာဝင် ယောက်ျားနဲ့မိန်းမ လက်ထပ်ထိမ်းမြားရေး၊ အမွေဆက်ခံရေး စတာတွေဟာ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တာပေါ့နော်။
ယူတီကေ ။ ။ ရှေးယခင်က ဒီကိစ္စမှာလဲ အငြင်းပွားမှုတွေရှိခဲ့တယ်။ တရုတ်ဗုဒ္ဓဘာသာဝင် ယောက်ျားနဲ့ မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမ တို့နှစ်ပေါင်းများစွာ
ပေါင်းသင်းလာခဲ့တဲ့ကိစ္စမှာ ပြဿနာတွေပေါ်ခဲ့တယ်။ ပြဿနာတွေကတော့ -
(က) ဗုဒ္ဓဘာသာတရားဥပဒေဆိုတာ ဘယ်ဗုဒ္ဓဘာသာတရားဥပဒေကို ဆိုလိုတာလဲဆိုတဲ့ ပြဿနာ ရှိခဲ့ဖူးတယ်။ တရုတ် ဗုဒ္ဓဘာသာဥပဒေ၊ တိဘက်ဗုဒ္ဓဘာသာဥပဒေ၊ ဂျပန်ဗုဒ္ဓဘာသာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဥပဒေသည် အမျိုးမျိုးကွဲပြားနေခဲ့ တယ်။ ဘယ်ဥပဒေကို လိုက်နာမလဲ။
(ခ) ဗုဒ္ဓဘာသာမှာ လက်ထပ်ရင် ဘယ်လိုဘာသာရေး အခမ်းအနားလိုတယ်။ အမွေပုံကို ဘယ်အချိုးနဲ့ ဘယ်လို ခွဲရတယ် ဆိုတဲ့ လောကီလူမှုရေး ကိစ္စတွေကို ဗုဒ္ဓက တိတိကျကျ ဟောကြားခဲ့တာ ရှိသလား၊ အခြားဘာသာတွေ မှာရှိတယ်။
(ဂ) မြန်မာတွေ လိုက်နာကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဥပဒေဆိုတာ ရှေးဗမာတွေရဲ့ ဓမ္မသတ်ကျမ်းနဲ့ ဓလေ့ထုံးတမ်းတွေကို အခြေပြု လိုက်နာကြတာဖြစ်တယ်။ အခြားနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပဒေနဲ့ မတူညီပြန်ဘူး။
(ဃ) ပြဌာန်းလိုက်တဲ့ “ဗုဒ္ဓဘာသာတရားဥပဒေ” ဆိုတာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဆိုတာ ဗုဒ္ဒဘာသာ တရားဥပဒေအနက်က၊ တစ်ခုသာဖြစ်တယ်။ ဒါကြောင့် မြန်မာဓလေ့ထုံးတမ်း ဥပဒေဟာ ဗုဒ္ဓဘာသာတရားဥပဒေရဲ့ တစ်ခုတည်းသော ဥပဒေလို့ မှတ်ယူချက်ဟာ လွဲ မှားတယ်။ (ဟောင်ကူနှင့် မသင်း - SJ – (1881) 135 စီရင်ထုံး) ဒီလိုအငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်။
ဒီပြဿနာတွေကို ၁၉၅၁ ခုနှစ်မှာ စီရင်ဆုံးဖြတ်ခဲ့တဲ့ ဒေါ်သိုက်(ခ)ဝေါင်မသိုက်နှင့် စီရောင်အလင်း (၁၉၅၁-မတစ-၁၃၃) မှာ ဒီလိုဆုံးဖြတ်လိုက်ပါသည်။
“မြန်မာနိုင်ငံသို့ လာရောက်နေထိုင်သည့် ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်နိုင်ငံကဖြစ်စေ၊ မည်သည့်လူမျိုးပင်ဖြစ်စေ၊ ထိမ်း မြားရေးနှင့် အမွေဆက်ခံရေး နှစ်ရပ်လုံးတွင် မြန်မာ့ဓလေ့ထုံးတမ်း
ဥပဒေနှင့် သက်ဆိုင်စေရမည်တဲ့။”
ဒါ့အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများဖြစ်တဲ့ (ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း) ဗုဒ္ဓဘာသာဝင် များဟာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တယ်လို့ စီရင်ထုံးများမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ကိုဖြူ ။ ။ ဘာသာခြားယောက်ျားကိုယူထားတဲ့ ဗုဒ္ဓဘာသာဝင် မိန်းမတွေအကြောင်းကို ပြောပြပါဆရာ။
ယူတီကေ ။ ။ ရှေးရှေးဘုရင်များ လက်ထက်က ဗုဒ္ဓဘာသာဝင် မိန်းမတွေဟာ ဘယ်ဘာသာဝင်ယောက်ျားကိုမဆို ယူခွင့်ရှိတယ်။ ဘာသာခြားကို ယူခဲ့ရင်လည်း တရားဝင်လင်မယားမြောက်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ မြန်မာလူမျိုးအ တွက် လင်ခန်းမယားခန်းမြောက်ဖို့ စာချုပ်စာတမ်းမလိုဘူး။ အခမ်းအနားမလိုဘူး။ ဘာသာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းမရှိဘူး။ အရှေ့ (၇)အိမ်၊ အနောက် (၇)အိမ်က လူတွေက ဒီလူနဲ့ ဒီမိန်းမကို လင်မယားအဖြစ် အသိအမှတ်ပြုရင် လင်မယားမြောက်သွား တာပဲ။ သူတို့နှစ်ဦးသဘောတူ ပေါင်းသင်းကြရင် လင်မယားမြောက်တယ်လို့ သတ်မှတ်တယ်။ ဒီလိုနဲ့ ဘာသာခြား ယောက်ျား တွေဟာ ဗုဒ္ဓဘာသာဝင် မိန်းကလေးတွေနဲ့ ပေါင်းဖက်လာခဲ့ကြတယ်။
(က) ဒီလို ဘာသာခြားယောက်ျားနဲ့ ဗုဒ္ဓဘာသာဝင် မိန်းမများ ပေါင်းဖက်ခြင်းကို ရှေးမြန်မာမင်းများလက်ထက်က ခွင့်ပြုခဲ့ တယ်။ သူတို့ရဲ့ အမွေခန်း စတဲ့ကိစ္စတွေကို မြန်မာဓမ္မသတ်များအရ အဆုံးအဖြတ်ပေးတယ်။ Law of the Place of Contract (Lex Loci Contractus) သဘောတူ ပေါင်းသင်းရာအရပ်ဒေသ တရားဥပဒေအတိုင်း လိုက်နာရတယ်။
(ခ) အင်္ဂလိပ်က (၁၈၂၃၊ ၁၈၅၂၊ ၁၈၈၅) မှာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ အင်္ဂလိပ်လက်အောက်ရောက်တဲ့ ဒေသက တရားရုံးတွေမှာ ပစ္စည်းခွဲဝေရေး၊ အမွေဆက်ခံရေး၊ သားသမီး တရားဝင်/မ၀င် ပြဿနာပေါ်တယ်။ အင်္ဂလိပ်တရားရုံးတွေမှာ ဘာသာခြားယောက်ျားတွေ အကြောင်းပြချက်က သူတို့ဘာသာ (ခရစ်ယာန်၊ ဟိန္ဒူ၊ မဟာဗေဒင်) က ဗုဒ္ဓဘာသာဝင် မိန်းမကို ယူခွင့် မရှိဘူးတဲ့၊ ယူခဲ့ရင်လဲ တရားမ၀င်ဘူးတဲ့၊ မွေးလာတဲ့ ကလေးတွေဟာလည်း ဒီယောက်ျားရဲ့ တရားဝင်ကလေးတွေ မဟုတ်ဘူးတဲ့၊ မိန်းမနဲ့ကလေးတွေဟာ ဘာသာခြားလင်ရဲ့အမွေကို မဆက်ခံနိုင်ဘူးတဲ့။ ဒါက သူတို့ရဲ့ ဘာသာခြား တရားဥပဒေ ပြဌာန်းချက်တဲ့။ အင်္ဂလိပ်ရုံးတွေက ဘာသာခြားလင်ရဲ့ ဥပဒေအတိုင်း ဆုံးဖြတ်ခဲ့တယ်။
ဥပမာ ။ ခရစ်ယာန် ယောက်ျားနဲ့ယူခဲ့တဲ့ ဗုဒ္ဒဘာသာဝင် မိန်းမဟာ ကလေး (၈)ယောက်ရသော်လည်း လက်ထပ်စဉ်က ခရစ်ယာန် ဘာသာရေး အခမ်းအနားမလုပ်ခဲ့လို့ မယားအရာမရောက်ဘူးတဲ့။
ဟိန္ဒူ ယောက်ျားယူတဲ့ မိန်းကလေးဟာလဲ (၈)နှစ် (၁၀)နှစ်ကြာ ပေါင်းခဲ့သော်လည်း ဟိန္ဒူမင်္ဂလာ အခမ်းအနား မလုပ်ခဲ့ လို့ တရားဝင်မယားအရာ မရောက်ဘူးတဲ့။ အမွေမရထိုက်ဘူးတဲ့။
မဟာမေဒင် ယောက်ျားကလည်း သူ့ဘာသာရေးဥပဒေက ဗုဒ္ဓဘာသာဝင်မိန်းမကို ယူခွင့်မရှိဘူးတဲ့။ မယားဟာ တရား မ၀င်ဘူးတဲ့။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မိန်းမများမှာ အလွန်နစ်နာခဲ့ကြရတယ်။ ဒါကတော့ အင်္ဂလိပ်တို့ရဲ့ (Choice of law) ဥပဒေရွေးချယ်မှုစနစ်ကြောင့် ဒီလိုဖြစ်ခဲ့ရတာပါ။
ဒါကြောင့် လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်မှာ ဗုဒ္ဓဘာသာဝင် မိန်းမများမှာ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေဆိုတာကို (မြန်မာဘာသာစကားနဲ့) (၂၃/၄/၁၉၅၄) မှာ ပြဌာန်းလိုက်ပါတယ်။ ဒီပြဌာန်းချက်ကို သာမန်အရပ်သူ/အ ရပ်သားများ သိရှိနာလည်နိုင်အောင် တိုတို၊ ရှင်းရှင်း ကြိုးစားရှင်းပြပါတယ်။ (ပုဒ်မ-၃၁) ခုရှိတယ်။ မြန်မာလို ရေးထားပေမဲ့ သူ့ အတိုင်းဖတ်ရင် နားလည်ရခက်သေးတယ်။
၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ (၂၃-၄-၁၉၅၄) ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်။
“ဗုဒ္ဓဘာသာဝင် မိန်းမများမှာ အခြားဘာသာခြား ယောက်ျားများနဲ့ နှစ်ပေါင်းများစွာ ပေါင်းသင်းနေထိုင်ပြီး သားသမီး တစ်ကျိပ်ပင် ထွန်းကားခဲ့ပေမဲ့ တရားဝင်မယားမဖြစ်ဘဲ၊ အမြောင် ၊ အပျော်မယားအဆင့်နဲ့သာ တင်းတိမ်ခဲ့ရတယ်။ လူမှုရေး၊ စီးပွား ရေး စတဲ့ အဘက်ဘက်မှာ နစ်နာဆုံးရှုံးခဲ့ရလို့ သူတို့အခွင့်အရေးကို အကာအကွယ်ပေးရန်၊ ဒီအက်ဥပဒေကို ပြဌာန်းသွားခဲ့ရခြင်း ဖြစ်တယ်။” (ဒေါ်စောနှင့် ကွယ်လွန်သူ အီးအမ်မက်ထွန်းပစ္စည်းကိစ္စ) ၁၉၆၆-မတစ-၈၁
ဥပဒေပါ အရေးကြီးသော ပြဌာန်းချက်များ
ပုဒ်မ (၂)၊ ပုဒ်မ (၄-၂၀) (၁၈) (၂၄) (၂၅-၂၆) (၅)
ပုဒ်မ (၂) (က) ဗုဒ္ဓဘာသာဝင်မိန်းမအဓိပ္ပါယ် ။ ။ မြန်မာနိုင်ငံသားဖြစ်သည့်အပြင် ဗုဒ္ဓဘာသာ ကိုးကွယ်သော မိန်းမ (သို့) ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှ မွေးဖွားသော မိန်းမကိုဆိုလိုသည်။
ပုဒ်မ (၄) ဘာသာခြားယောက်ျားရဲ့ ဥပဒေမှာ ဘယ်လိုပါပါ၊ ဗုဒ္ဓဘာသာဝင် မိန်းမနဲ့ ဘာသာခြားလင်ယောက်ျားအပေါ် ဒီဥပဒေအာဏာ သက်ရောက်တယ်။ ဘာသာခြားရဲ့ ဥပဒေများကို မစဉ်းစားရဘူး။
ပုဒ်မ (၂၀) မှတ်ယူချက် ဗုဒ္ဓဘာသာဝင်မိန်းမနဲ့ ဘာသာခြားယောက်ျားတို့ ပေါင်းဖက်နေထိုင် ပြုမူကြပုံဟာ (မြန်မာလူမျိုးချည်း ဖြစ်ခဲ့ရင်) လင်မယားအရာမြောက်တယ်ဆိုရင်၊ ထိုသူနှစ်ယောက်ဟာ (ပေါင်းဖက်စကပင်) ဤဥပဒေအရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူတယ်။ ဘယ်အခမ်းအနား၊ စာချုပ်စာတမ်းမှ မလိုတော့ဘူး။ သူတို့ဟာ တရားဝင်လင်မယားမြောက်တယ်။ (အေးရော၊ ပြတ်ရော)
ပုဒ်မ (၂၇) ဒီလင်မယားနှစ်ဦးမှ မွေးဖွားတဲ့ သားသမီးများအားလုံး တရားဝင် သားသမီးများဖြစ်သည်ဟု မှတ်ယူတယ်။
ပုဒ်မ (၂၄) ထိုသူတို့ရဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကိစ္စအားလုံးဟာ သူတို့နဲ့ သူတို့မိသားစုအားလုံးကို (ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်သကဲ့သို့) မြန်မာဓလေ့ထုံးတမ်းဥပဒေအတိုင်း ဆုံးဖြတ်ရမယ်။
ပုဒ်မ (၂၅-၂၆) လူတို့ရဲ့ လင်မယားကွာရှင်းမှု၊ ပစ္စည်းခွဲဝေမှု၊ သားသမီးထိန်းသိမ်းမှု၊ အမွေဆက်ခံမှု ကိစ္စအားလုံးဟာ (မြန်မာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သကဲ့သို့) မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရမယ်။
ပုဒ်မ-၅ ထိမ်းမြားလိုလျှင် ထိမ်းမြားမှုနည်းလမ်း
ထိမ်းမြားမည့်သူ နှစ်ဦးဟာ
(က) ဘာသာခြားယောက်ျားဟာ လူပျိုဘော်ဝင်ရမယ်။
(ခ) မိန်းမဟာ (၁၄)နှစ်ပြည့်ပြီး ဖြစ်ရမယ်။
(ဂ) နှစ်ဦးစလုံး ရူးသွပ်သူ မဖြစ်စေရ။
(ဃ) မိန်းမအသက် (၂၀)မပြည့်သေးပါက မိဘအုပ်ထိန်းသူ သဘောတူညီရမယ်။
(င) မိန်းမမှာ မပြတ်စဲသေးတဲ့ လင်ယောက်ျား မရှိစေရ။
(အတိုမှတ် - ၁၄ နှစ်ပြည့်သူ၊ မရူးသူ၊ သဘောတူမိဘ ၊ လင်မရှိရ)
ထိမ်းမြားလိုသူများဟာ ထိမ်းမြားမှု မှတ်ပုံတင်အရာရှိထံ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထိမ်းမြားနိုင်တယ်။ မှတ်ပုံတင် အရာရှိများအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများကို (၆.၆.၂၀၁၁) နေ့စွဲပါ ပြည်ထောင်စုလွှတ်တော်ချုပ် ကြေငြာချက်အမှတ် (၁၆၉/၁၁) အရ ခန့်အပ်ပြီးဖြစ်ပါတယ်။
ဒီလို မထိမ်းမြားဘဲ အတူပေါင်းသင်းနေထိုင်ရင်လည်း တရားဝင် လင်မယားလို့ ဒီဥပဒေက မှတ်ယူတယ်။ ပုဒ်မ ၂၀(၄)
ပုဒ်မ - ၂၀ ခြွင်းချက် (ကွာချင်ရင်နည်းလမ်း)
ဘာသာခြား ယောက်ျားဟာ သူ့ရဲ့ဘာသာရေး အကြောင်းကြောင့် သူ့ရဲ့မိန်းမကို ကွာရှင်းလိုလျှင်၊ စွန့်ပစ်လျှင်၊ ရက် စက်သည့် အပြုအမူများအားဖြင့် စိတ်ဆင်းရဲအောင်ပြုလျှင် -
(၁) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော ပစ္စည်းကို စွန့်ရသည့်အပြင် မိန်းမအား လျော်ကြေး ပေးရမည်။ (ကွာချင်ရင် အ၀တ်တစ်ထည်ကိုယ်တစ်ခု လန်ကွတ်တီနဲ့ အိမ်ပေါ်ကဆင်းရမယ်)
(၂) ထိုမိန်းမက သားသမီးအားလုံးကို ထိန်းသိမ်းခွင့်ရရှိသည်။
(၃) ထိုသူသည် အရွယ်မရောက်သေးသော ကလေးများအတွက် ကလေးစရိတ်ပေးရမည်တဲ့။
(အတိုမှတ် - ဝေစုစွန့်၊ လျှော်ကြေးပေး၊ သားသမီး၊ စရိတ်ပေး။)
ဒီ ၁၉၅၄ အထူးအက်ဥပဒေဟာ ထက်မြက်ပြီးထူးခြားပြတ်သားတယ်။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မိန်းကလေးများကို အထူးအခွင့်အရေး ပေးထားတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်အချင်းချင်း အိမ်ထောင်ပြုလျှင် အမျိုးသမီးရထိုက်တဲ့ အခွင့်အရေး များရရှိတယ်။ မြန်မာမင်းများ လက်ထက်ကတည်းက ဘာသာခြားနဲ့ လက်ထပ်ရင်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသ မီးများ ရရှိခဲ့တဲ့ အခွင့်အရေးများဖြစ်တယ်။ အင်္ဂလိပ်လက်ထက်မှ (၁၈၂၃-၁၉၅၄)ထိ ဒီအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒီ အခွင့် အရေးကို (၁၉၅၄) အထူး အက်ဥပဒေက ပြန်လည်အသိအမှတ်ပြုပေးခဲ့တာဘဲ ဖြစ်ပါတယ်။
ကိုဖြူ ။ ။ (၁၉၅၄) အထူးအက်ဥပဒေက ဘာသာခြားယောက်ျားတွေကို သတိပေးလိုက်တာပေါ့နော်။
ယူတီကေ ။ ။ (၁) ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မိန်းမများကို ဘာသာခြားနဲ့ လက်ထပ်ဖို့ “အားပေးတဲ့ ဥပဒေ မဟုတ်ဘူး”။
(၂) အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဘာသာခြားနဲ့ ပေါင်းသင်းမိခဲ့သော် မိန်းကလေးရဲ့ အခွင့်အရေးကို “ကာကွယ်ပေးထားတဲ့ ဥပဒေ” မျှသာဖြစ်တယ်။
(၃) ဒီအက်ဥပဒေရဲ့ ပြဌာန်းချက်ကို ဘာသာခြား ယောက်ျားများလည်း သိထားရမယ်။ ဗုဒ္ဓဘာ သာဝင် မိန်းကလေးကို ယူမယ်ဆိုရင် မိမိတို့ရဲ့ ဘာသာခြားဥပဒေ၊ ဓလေ့ထုံးစံတွေကို လုံးဝရိုက်ချိုး၊ ဖျက်သိမ်း၊ စွန့်လွှတ်ပစ်နိုင် မှ ယူခွင့်ရှိတယ်။ ဗုဒ္ဓဘာသာဝင် မိန်းကလေးလိုက်နာရတဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို လိုက်နာရမယ်ဆိုတာ (ဂျွန်) (အဗ္ဗဒူ) (အပ္ပနား) တို့ကို ပြတ်ပြတ်သားသား သတိပေးလိုက်တဲ့ ဥပဒေဖြစ်ပါကြောင်း။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
မှတ်ချက်။.....http://www.oppositeyes.info/မှကူယူဖော်ပြလိုက်ပါသည်။
MR: EDITOR

ကြယ်စင်ဦး(TUF)
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.